Friday, January 25, 2008

ချဉ်ပေါင်ဟင်းနဲ့ ငါးကျည်းကြော်



ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို မြန်မာဟင်းတလှည့်ချက်ကျွေးပါဦးမယ်နော်။ နေမကောင်းဖြစ်ပြီး နာလန်ထကာစမှာ ဆီပြန်ဟင်းတွေမစားချင်ကြဘူးလေ။ ချဉ်ရည်ဟင်းစပ်စပ်လေးနဲ့ ငါးကြော်ကြွတ်ကြွတ်လေး စားချင်တတ်ကြတယ်မဟုတ်လား။ နေ့စဉ်ဆက်တိုင်း တရုတ်အစားအစာတွေ၊ fast food တွေ စားရတာများလာရင် တစ်ခါတလေ မြန်မာဟင်းကို လွမ်းတတ်ကြတယ်လေ။ အဲ့ဒီအတွက်ကြောင့် ဒီနေ့ ကျွန်မ ချဉ်ပေါင်ဟင်းနဲ့ ငါးကျည်းကြော် ချက်ကျွေးပါမယ်နော်။
ချဉ်ပေါင်းဟင်းအတွက် လိုအပ်တာတွေကိုတော့ ချဉ်ပေါင်၊ ငါးကြင်း၊ မျှစ်၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအရောင်တင်မှုန့်အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။ ငါးကျည်းကြော်အတွက်ကတော့ ငါးကျည်း၊ နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်နဲ့ ဆီတို့ပါ။
ငါးကျည်းတွေကို အကျိအချွဲတွေ ကုန်စင်သွားရအောင် မန်ကျည်းမှည့်၊ ဆားနဲ့ နယ်ပြီး ဆေးပေးပါ။ ပြီးရင် ငါးခေါင်းကို ဖြတ်ပစ်ပါ။ ငါးဗိုက်ထဲက အူနဲ့ သည်းခြေအိတ်ကို ဖယ်ထုပ်ပစ်ပါ။ ငါးကို ရေထပ်ဆေးပြီးတော့မှ ဓားနဲ့ မွှန်းပေးပါ။ (ငါးကို မွှန်းလိုက်တဲ့အတွက် ငါးကို နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်တဲ့အခါ ပိုပြီး အရသာ ၀င်သလို ကြော်တဲ့အခါလည်း အကျက်ညီ အကြွပ်ညီစေသလို ဆီလည်း မပေါက်တော့ဘူးပေါ့။) ငါးကို နနွင်းမှုန့်၊ ဆား၊ အချိုမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ။
ချဉ်ပေါင်ရွက်တွေကို ချွေပြီး ရေဆေးပြီး ရေစစ်ထားပေးပါ။ ငါးကြင်းကိုလည်း အကြေးခွံခွာ၊ အတောင်ဖယ်ပစ်၊ ရေဆေး၊ အရွယ်တော်အတုံးလေးတွေတုံးပြီး ဆား၊ ငံပြာရည်နယ်ပေးထားပါ။ မျှစ်ကိုလည်း ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင်လှီးထားပေးပါ။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ရေဆေးပြီး ထက်ခြမ်းခွဲထားပေးပါ။ နံနံပင်ကိုလည်း အမြစ်တွေဖယ်၊ မကောင်းတာတွေဖယ်ပြီး ရေဆေး၊ ရေစစ်ပေးထားပါ။ ငါးပိစိမ်းစားကိုလည်း ရေဖျော်ထားပေးပါနော်။ ကြက်သွန်ဖြူနီကိုလည်း အခွံနွှာပြီး ငရုတ်သီးအရောင်မှုန့်နဲ့ ရောထောင်းထားပေးပါ။အားလုံးအသင့်ဖြစ်ပြီဆိုရင် ငါးကြော်အရင်ကြော်ကြရအောင်နော်။ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲ ဆီထည့်၊ ဆီပူလာရင် ငါးကျည်းတွေကိုထည့်ပြီး မီးအသင့်အတင့်နဲ့ ကြော်ပေးပါ။ တစ်ဘက်က သေသေချာချာကျက်မှ နောက်တစ်ဖက်ကိုလှန်ပါနော်။ စိတ်လောအားကြီးပြီး တစ်ဖက်က မကျက်သေးဘဲ နောက်တစ်ဖက်ကို လှန်လိုက်ရင် ငါးအသားတွေ ဒယ်အိုးနဲ့ကပ်ပြီး ကျန်ခဲ့ပြီး ငါးကြော်မဟုတ်ဘဲ ငါးကြေဖြစ်သွားတတ်လို့ပါနော်။ ငါးကြော်ကို ဟိုဘက်ဒီဘက် သေချာကျက်အောင် ကြွပ်အောင် ကြော်ပြီးပြီဆိုရင်တော့ ဒယ်အိုးထဲက ဆယ်ပြီးတော့ ဆီစုပ်တစ်ရှူးလေးခင်းထားတဲ့ ပန်းကန်ပြားလေးထဲ ထည့်ထားလိုက်ပါနော်။
ငါးကြော်ထားတဲ့ ဆီကျန်တာ များနေရင် ခပ်ထားလိုက်ပြီး ဆီလေးနည်းနည်းနဲ့ ငရုတ်သီးဆီသတ်လိုက်ပါနော်။ ပြီးရင်တော့ နယ်ထားတဲ့ ငါးကြင်းလေးကိုထည့်ပြီး ဆီသတ်ပြီး ပန်းကန်တစ်ချပ်ထဲ သီးသန့်ခပ်ထားလိုက်ပါနော်။ ပြီးတော့မှ ချဉ်ပေါင်ရွက်တွေကိုထည့်ပြီး ကြေအောင် မွှေပေးပါ။ ချဉ်ပေါင်ကြေပြီဆိုတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ။ ပြီးတော့ ရေဖျော်ထားတဲ့ ငါးပိစိမ်းစားလေးကိုထည့်ပေးပြီး ချဉ်ပေါင်မျှစ်နဲ့ အတူ နှံ့အောင် မွှေပေးပါ။ ပြီးတော့မှ ရေထည့်၊ ဆား၊ အချိုမှုန့်လေးထည့်ပြီး ဟင်းအိုးပွက်ပွက်ဆူအောင်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူလာတာနဲ့ ဆီသတ်ထားတဲ့ ငါးကိုထည့်၊ ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းတွေကိုထည့်ပြီး ပွက်အောင်တည်ပေးပါ။ ဟင်းအိုးပွက်လာတာနဲ့ အပေါ့အငံကိုမြည်းပြီး နံနံပင်လေး အုပ်လိုက်ရုံပါပဲနော်။
အဲ့ဒါဆိုရင်တော့ ချဉ်ပေါက်ရွက်ဟင်းနဲ့ ငါးကျည်းကြော်ကြွပ်ကြွပ်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီနော်။ အားပေးကြပါဦးမောင်နှမတို့ရေ့ 
(မှတ်ချက်။ ။ပြည်ပရောက်နေတဲ့မောင်နှမတွေချဉ်ပေါင်ရွက် ၀ယ်မရခဲ့ရင် spinach အရွက်ကို ၀ယ်ပြီး ပါးပါးလှီးပြီး နူးအောင်မွှေ၊ ပြီးတော့မှ မန်ကျည်းနှစ်လေးအုပ်ပြီး ချဉ်ပေါင်ရွက်အစားထိုးချက်စားလို့ရပါတယ်နော်။

2 comments:

  1. ဟာ.. ငါးကော.. ချဉ်ပေါင်ဟင်းကော အသေကြိုက်တာ
    ငါးကို ကြွပ်ကြွပ်ကြော်ပြီး ခရမ်းချဉ်သီးနဲ့ ပြန်ချက်တဲ့ဟင်းလဲ
    အရမ်းကြိုက်တယ်.. လုပ်ပါအုံး.. လုလုရေ.... လျှာရှည်တွေတောင် ယိုလာပြီ..

    ReplyDelete
  2. မလုရေ.. အဟိ.. အနော်ကတော့ ဟိုတရက်က ငါးခူကြော်နဲ့ ချဉ်ပေါင်ရွက်ဟင်း ချက်စားပြီးသွားပြီ။ ဒါပေမယ့် မလုရဲ့ ဟင်းခွက်တွေ မြင်တော့လည်း စားချင်တုန်းပဲ .. ချဉ်ပေါင်ဟင်းနဲ့ ငါးကြော်ဆိုတာ အရမ်းလိုက်တာဆိုတော့ မကြိုက်တဲ့သူက ခပ်ရှားရှားနော်.. အခုလည်း စားချင်လာပြန်ပြီ.. သွားရည် သိမ်းပြီးပဲ ပြန်သွားတယ် မလုရေ... :D :D

    ReplyDelete